လွမ်းနေခွင့်ပြုပါ

ရန်ကုန်မြို့ရဲ့ညနေခင်းထုံးစံ traffic jam ကိုစိတ်ရှည်လက်ရှည်ကားပေါ်ကနေဖြတ်သန်းနေရင်း ဟေသာ သီချင်းဖွင့်နေရာကနေ FM ရေဒီယိုလိုင်းတစ်ခုကို ပြောင်းဖွင့်လိုက်သည်။ ကြော်ငြာတစ်ချို့အဆုံးမှာ ရေဒီယိုမှ အစီအစဉ်တင်ဆက်သူကောင်မလေးထံမှ ခုအစီအစဉ်ကတော့ ဖေဖော်ဝါရီမှာကျရောက်တဲ့ ချစ်သူများနေ့အတွက် သီးသန့်အစီအစဉ်လေးပါ၊ ခု ဖွင့်ပြမဲ့သီချင်းလေးကတော့ အဆိုတော်စိုင်းစိုင်းခမ်းလှိုင်ရဲ့ “တစ်ကိုယ်တော် Valentine”ပါ။ နားဆင်ခံစားကြည့်ကြပါရှင်… ဆိုတဲ့ အသံအဆုံးမှာ…..။



♬🎵♬🎵အိုး... မင်းစိတ်တိုင်းကျပဲပေါ့အချစ်ရယ် ဘာမှမပြောဘူး မင်းသဘောပဲ.... မင်းရဲ့အနားမှာ ငါကိုယ်ရံတော်လိုပဲ….

အခုတော့ မင်းကပြောတယ် မေ့ပစ်လိုက်…. ဘာမှမငြင်းဘူး မင်းသဘောအတိုင်း….

ငါ့မှာတော့ တစ်ကိုယ်တော် Valentine ♬🎵♬🎵



သီချင်းသံအကြားမှာ ရုတ်တရက် ဟေ့သာစိတ်တွေ နောက်ကျိသွားတော့တယ်။ သြော် …. ဖေဖော်ဝါရီတောင် ပြန်ရောက်လာပြီပဲ။ ဖေဖော်ဝါရီဆိုတာ တစ်နှစ်လုံးမှာရှိတဲ့ လတွေထဲမှာ ဟေသာမကြိုက်ဆုံး၊ ဒီလ မြန်မြန်ကုန်ပါစေလို့ ဆုတောင်းမိသောလ တစ်လ။ ဟေသာ့ အတွက်နာကြင်မှုတွေပေးတဲ့ ဖေဖော်ဝါရီကို ဟေသာမကြိုက်ပါ။  ဖေဖော်ဝါရီဆိုတာ ဟေသာ့အတွက်တော့အလွမ်းတွေနဲ့ နာကြင်မှုတွေများတဲ့လ၊ ဖေဖော်ဝါရီရောက်တိုင်း အဟောင်းတွေအသစ်ဖြစ်ရတယ်။ အထူးသဖြင့်ပတ်ဝန်းကျင်မှာ ဖေဖော်ဝါရီလရောက်တိုင်း ကြုံရတဲ့ ဗယ်လင်တိုင်းဒေးကိုတော့ ဟေသာအမုန်းဆုံးပဲ။ ဟေသာပြန်မတွေးချင်ဘူးကွယ်။ ဟေသာတွေးမိရင် “ကိုကို” ဆိုတဲ့ ဟေသာ့အချစ်ဆုံး၊အမုန်းဆုံး လူတစ်ယောက်အကြောင်းခေါင်းထဲပြန်ရောက်လာတယ်။



ဘာဖြစ်လို့လဲဆိုတော့….. လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်စုက ဗယ်လင်တိုင်းနေ့တစ်ရက်မှာ ဟေသာချစ်သူက ဟေသာ့ကို ရက်ရက်စက်စက်ဖြတ်သွားလို့ပါပဲ။ ဒီလောက်အချိန်တွေကြာတဲ့ထိ ခံစားနေရသေးတယ်ဟုတ်လား…. ရူးပါ့ကွာလို့ ပြောချင်သပ ဆိုလဲ ပြောနိုင်ပါတယ်။ ကိုကိုဆိုတာ  မောင်နှမသားချင်းမရှိတဲ့ ဟေသာ့အတွက် အကိုတစ်ယောက်လို ချစ်ခင်လေးစားရတဲ့သူ၊ အချစ်တွေ အကုန်ပေးထားတဲ့ အချစ်ဦး၊ ဟေသာ့အပျိုစင်ဘဝကို အဦးဆုံးဆွတ်ယူခဲ့တဲ့သူ၊ သူ့ကိုချစ်လို့ ဟေသာ့ အိပ်မက်တစ်ချို့ကို မေ့ပစ်ပြီး သူ့အနားမှာပဲ ရှိနေအောင်ဆွဲဆောင်နိုင်တဲ့သူ။ ပြောရရင်တော့ မကုန်ပါဘူး။

ဒါပေမဲ့ ခုချိန်မှာ ဟေသာ့ကို သစ်စိမ်းချိုးချိုးတဲ့သူ၊ ဟေသာ့အရမ်းမုန်းပြီးမေ့မရတဲ့သူ၊ ဆိုတဲ့ ဂုဏ်ပုဒ်တွေတောင် ထပ်တိုးလာသေးတာပေါ့လေ။



တကယ်တမ်းပြောရရင် ကိုကို့ကို ဟေသာကစပြီးချစ်ရတဲ့သူပါ။ ပထမဆုံး ဟေသာကိုကို့ကို စမြင်ပြီး သဘောကျခဲ့တဲ့နေ့က…. အဲ့ဒီ့နေ့က ကျောင်းကအပြန် ကျောင်းနားက မိုးရွာထဲမှာ ပိုက်ဆံတောင်းနေတဲ့ သားအမိကို သူ့ကားပေါ်က နေဆင်း ထီးသွားပေး၊ ပိုက်ဆံတစ်ထပ်ထုတ်ပေးလိုက်တာ ဟေသာတွေ့ခဲ့လို့ပါပဲ။ ဒါဟာဘာမှသိပ်မထူးဘူးလို့ ပြောချင်ပြောလို့ရပေမဲ့ ဒီလိုအသိုက်အဝိုင်းမှာ မြင်နေကျမဟုတ်တော့ ဟေသာအထင်ကြီးမိတာပါ။ ဟေသာသာဆို ပုံမှန်အချိန်ပိုက်ဆံလှူချင်လှူလိုက်ပေမဲ့ မိုးရွာထဲမှာတော့ ဆင်းမသွားနိုင်တာကို ရိုးသားစွာဝန်ခံမိပါတယ်။ အဲ့ဒီ့နောက်ပိုင်းမှ ကိုကိုဟာ ဟေသာတို့ကျောင်းမှာ နာမည်ကြီး၊ စာလဲတော်၊ ဘတ်စ်စကက်ဘောမှာလဲတော်တဲ့၊ ဆရာ၊ဆရာမတွေပါးစပ်ဖျားမှာ ကောင်မလေးတွေပါးစပ်ဖျားမှာ ရေပန်းစားတဲ့သူတစ်ယောက်ဆိုတာ ဟေသာသိခဲ့တာ။



ဒါပေမဲ့ ဟေသာချစ်ခဲ့တာ သူ့ရဲ့ ကြင်နာတတ်တဲ့၊ လူသားဆန်တဲ့၊ နိမ့်ကျတဲ့သူကို ဖေးမကူညီချင်စိတ်ကြောင့်ပါ။ ဟေသာ ကိုကို့ကို သဘောကျခဲ့တာ ရုပ်ချော အရပ်မြင့်လို့၊ စာတော်လို့၊ အဲ့ဒီ့ခေတ်ကတည်းက ကျောင်းကို ပြိုင်ကားနဲ့လာတဲ့ သူဌေးသားမို့လို့၊ သူ့ရဲ့ ထူးထူးခြားခြား ခပ်ရှည်ရှည် နာမည်တစ်ခုကြောင့်မို့လို့၊ အားကစားမှာတော်လို့ ဆိုတဲ့အချက်တွေကြောင့် မဟုတ်ခဲ့ပါဘူး။

ကိုကို့ကို စပြီးသဘောကျ နှစ်ခြိုက်မိမှတော့ နီးစပ်အောင်လုပ်ခဲ့တာ ဟေသာ့ဘက်ကပါ။ ကိုကို့ကားပေါ် ချိုချဉ်သွားကပ်လိုက်၊ အရုပ်လေးတွေသွားကပ်လိုက်၊ အိမ်ကိုဖုန်းလိုက်ဆက်လိုက်၊ သူ့ခြံရှေ့မုန့်တွေသွားထားလိုက်နဲ့  စပ်စလူးနတ်ပူးခဲ့တာ ဟေသာပါပဲလေ။ အဲ့ဒီ့အချိန်က သူ့မှာ အဲ့ဒီလိုလုပ်နေကျ တခြားမိန်းကလေးတွေလဲရှိတော့ သူကြည့်ရတာ ဟေသာကိုတောင် သတိမထားမိပါဘူး။ တကယ်ကြီး ကိုကို သတိထားမိအောင်သွားလုပ်ခဲ့တာကတော့ ဟေသာတို့ကျောင်းက ခရစ်စမတ်စ်ပါတီမှာ ဟေသာ့ဘက်က လက်ဆောင်ပေး၊ စကားရော ဖောရောသွားလုပ်ခဲ့ပြီး ဟေသာလုပ်ခဲ့တာတွေဝန်ခံခဲ့တာပါ။ နောက်ပြီး Mistletoe အပင်အောက်ကို မရောက်ရောက်အောင်၊ ကိုကို ဟေသာ့ကို နမ်းအောင်ကြံစည်ခဲ့တာလဲ ဟေသာပါပဲ။



ဒီလိုနဲ့နောက်ပိုင်း ကိုကို ဟေသာကို သတိထားမိလာတယ်၊ ဟေသာဖုန်းခေါ်ရင် စကားပြန်ပြောလာတယ်၊ တစ်ခါတစ်လေ ကျောင်းမှာ နှုတ်ဆက်လာတယ်၊ တစ်ခါတစ်လေ အခွေဆိုင်မှာချိန်းဖြစ်ကြတယ်၊ အဲ့ဒီ့တုန်းက ဟေသာတို့ငှားတဲ့ အခွေဆိုင်က “new world” နံရံကျောင်းနားက။ (xP) ဒါပေမဲ့ အဆင့်ကမတိုးတက်ပါဘူး၊ ဘာလို့လဲဆိုတော့ ကိုကို့မှာတွဲနေတဲ့ သူနဲ့ အတန်းတူ အမကြီးတစ်ယောက်ရှိတယ်။ အဲ့ဒီ့အမကြီးက တော်တော်လဲလှတယ်၊ တော်တော်လဲ hot တယ်ဆိုပါတော့။ ဟေသာလို ဂရိတ်9 က ငချွတ်မလေးတစ်ယောက်က သူ့လို ဂရိတ်11 ကြီးကို မယှဉ်နိုင်ပါဘူး။



ဒီလိုနဲ့ ဇန်နဝါရီ၊ ဖေဖော်ဝါရီ ရောက်လာတယ်။ ကိုကိုမွေးနေ့က ဖေဖော်ဝါရီ ၁၂၊ ဟုတ်တယ်….သူက (ပြည်ထောင်စုနေ့) union day မှာမွေးတဲ့သူတစ်ယောက်။ ဒါပေမဲ့ အဲ့ဒီ့နေ့တွေ ကိုကို ဟေသာကို အချိန်မပေးနိုင်ခဲ့ပါဘူး။ ဖေဖော်ဝါရီ ၁၄မှာ ဖုန်းတောင်ဆက်လို့မရပါဘူး။ ကိုကို ဟိုအမကြီးနဲ့တူတူရှိနေမယ်ဆိုတာ ဟေသာသိနေခဲ့ပါတယ်လေ။ အဲ့ဒီ့ချိန်တွေတုန်းက ဟေသာနဲ့ကိုကို့ အခြေအနေက ဘာမှန်းလဲမဟုတ်သလို သူစိမ်းလားဆိုတော့လဲ မဟုတ်ပြန်ဘူး။ သူ့စိတ်ထဲမှာ ဒီငချွတ်မလေးက ငါ့ကိုကြွေနေတာပါဆိုပြီး ပလစ်ထားတဲ့ပုံစံမျိုးပါ။ (ကြားထဲက အပိုင်းတွေ နဲနဲ skip မယ်နော်။)



ဒီလိုနဲ့ အောက်တိုဘာ Halloween Party ရောက်လာတယ်။ ဟေသာက ပါတီတစ်ခုကို ကိုကိုနဲ့တူတူသွားချင်တယ်လို့ request လုပ်တာ၊ သူက အင်တင်တင်နဲ့ ငြင်းတယ်။ ရတယ်လေ...ဆိုပြီး ဟေသာ့ကိုသဘောကျနေတဲ့ Kelvin ဆိုတဲ့ကျောင်းက ဘိုလေးတစ်ယောက်နဲ့တူူတူသွားပစ်လိုက်တယ်။ နောက်နေ့ကျတော့ ကိုကိုက ဟေသာ့ကိုဖုန်းဆက်ပြီး ပြဿနာရှာပါလေရော။ ဟေသာတို့ နှစ်ယောက် တော်တော်ရန်ဖြစ်လိုက်ပြီး ဟေသာဘက်က ကိုကို့ကို ရှောင်ခဲ့တယ်။ ဟုတ်တယ်လေ...သူကတောင် နေနိုင်သေးတာဆိုပြီး။ ဒီကြားထဲမှာ သူနဲ့ဟိုဆော်ကြီးလဲ ခွာပြဲသွားကြတယ်ကြားတယ်။ ဒါပေမဲ့ ဟေသာ သူနဲ့ ဝေးဝေးကို သိသိသာသာရှောင်နေခဲ့တယ်။ ဒီလိုနဲ့ ခရစ်စမတ်စ်ပြန်ရောက်၊ ကိုကိုက ဟေသာ့လုပ်ခဲ့ဖူးသလို ပြန်နမ်းရအောင်ကြံစည် နဲ့ ကိုကိုနဲ့ဟေသာ စစ်ပြေငြိမ်းသွားတယ်။ (ကြားထဲမှာ မစ္စတာဂီတာမှာကော်ဖီတူတူသောက်ခဲ့တာ (ဆိုင်ကလူတွေတွေတောင် မျက်စိနောက်ရလောက်အောင်)၊ ဖူဆန်က ဘတ်စ်ကက်ဘောကွင်းမှာ လိုက်အားပေးခဲ့တာ၊ ခရေပင်လမ်းမှာ ကားနားခဲ့တာ၊ အင်းလျားကန်ဘောင်မှာ တူတူလမ်းတွေလျှောက်ခဲ့တာတွေ skip လုပ်ပါရစေ။)



ဒီလိုနဲ့ မှတ်မှတ်ရရ ဟေသာနဲ့ကိုကို တရားဝင်ချစ်သူဖြစ်သွားတာ ကိုကိုမွေးနေ့ ဖေဖော်ဝါရီ ၁၂။ ဟေသာ့နဲကိုကို စပြီး အချစ်တွေနယ်ကျွံခဲ့တာ ဖေဖော်ဝါရီ ၁၄။ ချစ်သူဖြစ်ပြီး နှစ်ရက်အတွင်းဆိုပြီး အပြစ်မမြင်နဲ့နော်။ Remember, ဟေသာသူ့ကို စချစ်တာ ၁နှစ်ကျော်နေပြီလေ။ ဒီလိုနဲ့ ကိုကိုက အရင် high school ပြီးသွားတယ်။ ဟေသာတွေးထားတာ သူကအရင် states ကိုသွား၊ ဟေသာက ကျောင်းပြီးရင် နောက်ကနေလိုက်၊ ဟေသာတက်ချင်တဲ့ ကျောင်းကိုဆက်တက်၊ အမြဲတူတူရှိမယ်ဆိုတဲ့ အတွေးတွေနဲ့ပေါ့။ ဒါပေမဲ့ သူက စင်္ကာပူကိုသွားမယ်ဆိုပြီး ရွေးချယ်ခဲ့တယ်။ အဲ့ဒီ့တုန်းက စကားနည်းနည်းများခဲ့ရပေမဲ့၊ သူသွားမှတော့ ဟေသာလဲ ကိုကို့နောက်ကိုလိုက် စင်္ကာပူမှာပဲ ကျောင်းဆက်တက်မယ်ဆိုတာမျိုး ဆုံးဖြတ်ခဲ့တယ်။



ဟေသာ high school အပြီးကိုကိုရှိတဲ့ စင်္ကာပူကိုလိုက်၊ ကျောင်းဆက်တက်၊ ကိုကိုနဲ့ တူတူရှိနေတဲ့ အချိန်တွေက တကယ့်ကို မမေ့နိုင်စရာ bitter sweet memories တွေပါပဲ။ ဒီလိုနဲ့ ကိုကို uni ပြီးတော့ အလုပ်လုပ်၊ အလုပ်က လွှတ်တဲ့ တခြားနိုင်ငံတစ်ခုကိုအထွက်မှာ ပြဿနာတွေစတော့တာပဲ။ ဟေသာက မသွားစေချင်ဘူး၊ သူက explore လုပ်ချင်တယ်။ ရန်ဖြစ်လိုက်၊ စိတ်ကောက်လိုက်၊ ချော့လိုက်၊ ချစ်လိုက်၊ ကုတင်ပေါ် နပန်းလုံးလိုက်နဲ့ပဲ ကိုကို စင်္ကာပူကထွက်သွားတယ်။ ထွက်သွားတာက ဖေဖော်ဝါရီ လကုန်လောက်မှာ။ ဖေဖော်ဝါရီမှာ ဟေသာ့အတွက် တစ်ခုခုတော့ဖြစ်တာ အမှန်ပဲမဟုတ်လား။



ဘာဆက်ဖြစ်ကြလဲ ခန့်မှန်းနိုင်ကြလား။ ဟုတ်တယ်…. အနေဝေးတော့ သွေးအေးသွားတယ်ဆိုတာ တကယ်မှန်တယ်။ ပထမတော့ ဟေသာတို့ နှစ်ယောက်လောက် လွမ်းကြတာ ချစ်ကြတာ မရှိဘူး။ အချိန်ချင်း ရနာရီလောက်ကွာကြပေမဲ့ မအိပ်နိုင်၊ အိပ်ရေးပျက်ခံပြီး အရမ်းကိုချစ်ကြတယ်။ ဖုန်းဆက်စ်၊ဗီဒီယိုဆက်စ်တွေနဲ့  အလွမ်းသယ်ကြတယ်ပေါ့။ ဒီလိုနဲ့ သူလဲအလုပ်စဝင်၊ ဟေသာလဲ ကျောင်းစာတွေပိလာတဲ့အချိန်မှာ နည်းနည်း cool down ဖြစ်သွားကြတယ်။ ဒါပေမဲ့ ပုံမှန်ဖုန်းပြောကြတာ၊ sms ပို့တာ၊ ချက်တာ၊ တခါတလေ ဖုန်းထဲကချစ်တာတွေ ရှိကြပါသေးတယ်။



ဒီလိုနဲ့ ကိုကို့ မွေးနေ့ ဖေဖော်ဝါရီ ၁၂ရောက်လာတယ်။ တကယ်တော့ အဲ့ဒီ့နေ့က ဟေသာတို့ ရန်ကုန်ကျောင်းကသူငယ်ချင်းတွေ စင်္ကာပူကိုရောက်နေလို့ gathering လုပ်မဲ့နေ့။ ဒါပေမဲ့ ဟေသာ သူငယ်ချင်းတွေကို မလာနိုင်ဘူး၊ နောက်မှဆိုပြီး ငြင်းပြီး တစ်နေ့ကုန် အခန်းထဲအောင်း နားကြပ်တပ်စကားပြောကြတာ နားတွေတောင်အူတဲ့အထိပါပဲ။ ဒါပေမဲ့ အဲ့ဒီ့နေ့က ကိုကိုတစ်ချက်တစ်ချက် ငိုင်သွားတာ၊ မူပျက်နေတာ ဟေသာသတိထားမိပါတယ်။ ဒါပေမဲ့ ဟေသာဘာမှ မပြောခဲ့ဘူး။ သူက ၁၄ရက်နေ့ကျမှ ပြောကြမယ်ဆိုပြီး။ ၁၃ရက် ဟေသာ sms အများကြီးပို့မှ သူ တစ်စောင်ပြန်ပို့တယ် မအားဘူးတဲ့။ ထားပါလေဆိုပြီး။



၁၄ရက်နေ့… ဟုတ်တယ်… အဲဒီ့ ဖေဖော်ဝါရီ ၁၄ရက်… ဗယ်လင်တိုင်းဒေးနေ့ မနက်အစောကြီးတည်းက ဟေသာအွန်လိုင်းမှာစောင့်တယ်။ ကိုကိုရောက်မလာဘူး။ ဖုန်းခေါ်တယ်….သူ့ဖုန်းကပိတ်ထားတယ်။ နေ့လည်လောက်ထိ ဟေသာဖုန်းဆက်လို့မရ၊ ကိုကိုအွန်လိုင်းလဲမလာတဲ့ အချိန်၊ ဟေသာ panic ဖြစ်လာတယ်။ ရန်ကုန်ကသူ့အမေကိုတောင် ဖုန်းဆက်ပြီး မေးတဲ့အထိပါပဲ။ သူ့အမေကလဲ ၁၂ရက်နေ့ကပဲ ဖုန်းပြောဖြစ်တယ်။ စိတ်မပူပါနဲ့ ဆိုပြန်နှိမ့်သိမ့်တယ်။ ဒါပေမဲ့ မရဘူးလေ…. ဖေဖော်ဝါရီဆိုတာ ဟေသာတို့အတွက် အမှတ်တရရှိတဲ့နေ့။ ဒါဟာအရေးကြီးတယ်။ ဟေသာ sms တွေပို့၊ အီးမေးလ်တွေပို့နဲ့ ညနေလောက်မှာ ကိုကိုဆီကနေ အီးမေးလ်တစ်စောင် ဝင်လာတယ်။ မေးလ်ကတော့ တော်တော်ရှည်ပါတယ်။ ဒါပေမဲ့ ဟေသာ့ မျက်စိထဲမှာ မြင်တဲ့စာကြောင်းက တစ်ကြောင်းတည်း။



“ Let’s just break up, Babe. I can’t love you anymore. Be a good girl. “



အဲဒီ့အချိန်မှာ ဟေသာမျက်စိထဲမှာဘာမှမမြင်တော့ဘူး။ မျက်ရည်တွေနဲ့ why ဆိုတာပဲတွေးနေမိတယ်။ သွေးရူးသွေးတမ်း ပိတ်ထားတဲ့ဖုန်းကိုဆက်၊ yahoo messenger ကနေစာတွေပို့၊ အီးမေးလ်တွေပို့ နဲ့ ဟေသာ ကမ္ဘာကြီးတစ်ခုလုံးပျက်သွားသလိုပဲခံစားရတယ်။ ဟုတ်တယ်လေ၊ ဟေသာ့မှာ ဘာအပြစ်ရှိလို့လဲ၊ ဟေသာဘာများအမှားလုပ်မိလို့လဲ၊ တကယ်လို့ အသစ်ရသွားတယ်ဆိုရင်လည်း အသစ်ရသွားတယ်လို့ပြောလို့ ရတယ်ဆိုပြီး ဟေသာ လောကကြီးနဲ့ ခဏအဆက်သွယ်ပြတ်သွားတယ်။



ဟေသာသတိပြန်ရတော့ ဟေသာ့နားမှာရှိတာ ဟေသာ့သူငယ်ချင်းတွေ။ သူတို့ ပြဿနာအတိအကျကို မသိပေမဲ့ သေချာတာက ကိုကို နဲ့ ဆိုင်တယ်ဆိုတာ သူတို့ သိကြတယ်။ သူငယ်ချင်းတွေကိုယ်တိုင်က ဖုန်းဆက်ပေးကြပေမဲ့ ဖုန်းကလုံးဝပွင့်မလာဘူး။ အဆိုးဆုံးကတော့ ဟေသာ မောင်နှမလိုချစ်ရ ခင်ရတဲ့ သူငယ်ချင်း ညီနိုင်၊ သူကိုယ်တိုင်လဲ ကိုကိုနဲ့ ခင်နေတော့ မေးလ်တွေကူပို့ပေး၊ ဖုန်းတွေကူဆက်ပေး၊ အနားကနေ အားပေးပေး။  ဟေသာ ကိုကို့အမေဆီကိုဖုန်းထပ်ဆက်တော့ သူ့အမေကလဲ တစ်ခုခုကိုဖုံးထားပြီး သူမသိပါဘူးဆိုတဲ့အဖြေပဲရတယ်။ ဒီလောက်ဆို ဟေသာသဘောပေါက်လိုက်ပါတယ်လေ။ ကိုကို ဟေသာကို ဖြတ်လိုက်ပြီဆိုတာကို။ ဒါပေမဲ့ ဘာကြောင့်ဖြတ်လဲဆိုတာကိုပဲ ဟေသာမသိတာ။ သွေးပူနေတုန်း ဘာမှမပြောတော့ဘူးဆိုပြီး လေးရက်လောက်ကြာတဲ့အချိန်မှာ ဟေသာ ကိုကိုဆီဖုန်းဆက်ခဲ့တယ်။ ဒါပေမဲ့ ဖုန်းက not in use ဖြစ်သွားပြီ။

Social network အကောင့်တွေကလဲပိတ်သွားပြီ။



ဟေသာတကယ်နားမလည်ဘူး၊ ဟေသာ ဘာလုပ်မိလို့လဲဆိုတာ။ ရာဇဝတ်သားတောင် အပြစ်ပေးခံရတယ်ဆိုတာ သူပြစ်မှုတစ်ခုကို ကျူးလွန်မိလို့လေ။ သူ့မှာတောင် အယူခံဝင်ခွင့်၊ လျှောက်လဲခွင့်တွေတောင် ရှိသေးတာပဲ။ ခုဟေသာကိုကျတော့ ဘာကြောင့်ဆိုတာလဲမပြော၊ ဟေသာကိုသူ့ဘဝထဲက ဒီလိုလွယ်လွယ်နဲ့ ထုတ်ပစ်လိုက်တာ တကယ်ပဲ ဟေသာ စဉ်းစားလို့မရခဲ့ဘူး။



ဟေသာသူငယ်ချင်းတွေကပြောတယ်၊ သူ့ဆီကို လိုက်သွားတဲ့၊ သူတို့ပါ အဖော်လိုက်ပေးမယ်။ ဟေသာ မလိုက်ပါဘူး၊ ဘာမှမှ မထူးလာတာ။ လွယ်လွယ်ကူကူချစ်ကြိုက်ခဲ့တဲ့ relationship တစ်ခုဆိုရင် ဟေသာခုလိုခံစားနေရမှာမဟုတ်ပါဘူး။ ခုဟာက ဘာကြောင့်ဆိုတာလဲ မသိသလို၊ ဘာကိုဘယ်လိုပြောရမလဲ မသိတဲ့ ခံစားချက်မျိုး။ ဒီလိုနဲ့ အသဲကွဲတဲ့ဒဏ်ကို လူးလိမ့်အောင်ခံရင်း ဟေသာကျောင်းပြီးသွားတယ်။

ဟေသာသူငယ်ချင်းတွေကိုလည်းပြောထားတယ်၊ သူ့အကြောင်းကို ဟေသာကိုလဲ လာမပြောပါနဲ့။ ဟေသာဘာပဲဖြစ်နေ ဖြစ်နေ ဟေသာ့အကြောင်းလဲ သူ့ကို သွားမပြောပါနဲ့။ ဒီဇာတ်လမ်းကို ဒီမှာပဲထားလိုက်ပါတော့ဆိုပြီး ဟေသာနေခဲ့တယ်။



ပြတ်သွားပြီးတော့…. ရည်းစားအသစ်မရှိဘူးလား၊ ဘာမှမရှိဘူးလားလို့ တွေးနေကြတယ်ဟုတ်။ ကိုကိုနဲ့ ပြတ်ပြီးပြီးချင်း ဟေသာတစ်ယောက်တည်းပါပဲ။ နောက်ပိုင်းကျတော့ ဟေသာလဲ ခံစားချက်ရှိတဲ့ သာမန်လူသားတစ်ယောက်ပဲလေ။ ရည်းစားလဲထားခဲ့သလို၊ အပျော်တွဲတဲ့လူတွေလဲရှိခဲ့ပါတယ်။ တစ်ယောက်ဆိုတစ်ယောက်ပဲ လုပ်နေရအောင် သူကကိုယ့်ကို ထားသွားခဲ့တာလေ။ ဒါပေမဲ့ သေချာတာက ဟေသာ အချစ်ဆိုတာကို မယုံတော့တာပါပဲ။ အဲဒီ့အတွက်ကြောင့် ဟေသာ serious relationship တစ်ခု မရှာခဲ့ဘူး။ ဟေသာကို ချစ်တယ်ပြောတဲ့သူတွေကို ပြန်မချစ်ခဲ့ဘူး။ ဟေသာ လုပ်ချင်တာတွေလုပ်ခဲ့တဲ့ darkest moments တွေလည်းရှိပါတယ်။ ဒီလိုနဲ့ ဟေသာ ကျောင်းပြီး၊ မာစတာဆက်တက်၊ လည်ချင်တဲ့ နိုင်ငံတွေ လည်လို့ အပြီးမှာ အိမ်ကစီးပွားရေးကို ကူဖို့ မြန်မာပြည်ကိုပြန်ရောက်လာတာပါပဲ။



ခုချိန်မှာတော့ ဟေသာအရွယ်ကလဲ တည်ငြိမ်ရင့်ကျက်တဲ့ ဒေါ်ဟေသာဖြစ်နေပါပြီ။ အချိန်တွေက ရပ်တန့်မနေဘဲ ပြောင်းနေတာပဲလေ။ ကိုကိုနဲ့ပြတ်ပြီး ဟေသာဘယ်လောက်ပဲ ဘယ်သူနဲ့တွဲခဲ့တွဲခဲ့၊ ဘယ်သူနဲ့အိပ်ခဲ့အိပ်ခဲ့၊ ဖေဖော်ဝါရီလဆိုရင်တော့ ဟေသာ စိတ်တွေမတည်မငြိမ်ဖြစ်ဆဲ။ ဖေဖော်ဝါရီ ၁၂ဆိုရင် ပိုင်ရှင်ကိုယ်တိုင် သုံးလား မသုံးလား မသိတော့တဲ့ (ဒါပေမဲ့ ခုထက်ထိလဲ activate ဖြစ်နေသေးတဲ့) အီးမေးလ်အကောင့်တစ်ခုကို မွေးနေ့ဆုတောင်း ပို့ မြဲပို့ဆဲ။ ဖေဖော်ဝါရီ ၁၄ရောက်တိုင်း wish လုပ်နေဆဲ။



လွန်ခဲ့တဲ့ ၂ပတ် ဟေသာ့သူငယ်ချင်း ညီနိုင်နဲ့စကားပြောဖြစ်တော့ သူကပြောရှာပါတယ်။ နင့် “နာမည်၆လုံးကြီး” မြန်မာပြည်ကို အပြီးပြန်လာပြီတဲ့။ တစ်နေရာမဟုတ် တစ်နေရာ နင်နဲ့တွေ့မှာပဲတဲ့။  နင့် “နာမည်၆လုံး” ကို (ကိုကို့နာမည်က ၆လုံးလေ၊ ဒါတောင် အင်္ဂလိပ်နာမည်မပါသေးဘူး) ခုထက်ထိ မမေ့သေးဘူးလားတဲ့။ နင်တို့ memories တွေလဲ သိပ်မရှိလောက်တော့ပါဘူးတဲ့။ နင်တို့ သွားနေကျ ဆရာစံလမ်းက မစ္စတာဂီတာလဲမရှိတော့ဘူး၊ နင်တို့ ရိုက်နေကျ sticker booth ရှိတဲ့ဆိုင်လဲ မရှိတော့ဘူး (ခုခေတ်က ဖုန်းနဲ့ဓါတ်ပုံရိုက်တဲ့ခေတ်ကိုး)၊ ပြောင်းလဲချိန်တန်ပြီတဲ့၊ ငါတို့နိုင်ငံမှာတောင် အုပ်ချုပ်သူအသစ်ပြောင်းတော့မှာ နင်က ခုထက်ထိ ဒီဘီးကျဲ ကလေးအဖေကြီးကို (ဟုတ်တယ်၊ သူကခုချိန်မှာ မိန်းမယူပြီး ကလေး၃ယောက်အဖေဖြစ်နေပါပြီ၊ ဒါကလဲ ခုခေတ်ရဲ့ facebook ကျေးဇူး)  စိတ်မကုန်သေးဘူးလားတဲ့။ ကုန်ကုန်ပြောရရင် နင်တို့ ပထမဆုံး f**k ခဲ့တဲ့ဟိုတယ်တောင် ပိုင်ရှင်ပြောင်းပြီး သိပ်ပေါ်ပြူလာ မဖြစ်တော့ဘူးတဲ့။ ပြတ်ရော။ သူပြောတာလဲ ဟုတ်ပါတယ်။ အိမ်နီးချင်းနိုင်ငံနဲ့ ယှဉ်ရင် သိပ်မတိုးတက်တဲ့ ရန်ကုန်မှာတောင် တော်တော်ကြီးပြောင်းလဲလာပြီပဲ။ ခုတောင်ကျင်လယ်ဖူးတဲ့ ကမ္ဘာအေးဘုရားလမ်း ကုက္ကိုင်းပတ်ဝန်းကျင်မှာ အသစ်ဆောက်တဲ့ တံတားအသစ်ကြီးပေါ် ဟေသာကားမောင်းနေတာပဲလေ။



သေချာတာပေါ့…. တစ်ကွေ့မဟုတ် တစ်ကွေ့တော့ တွေ့ မှာပါ။ တကယ်လို့သာ ကိုကိုနဲ့ ပြန်တွေ့ခဲ့ရင် ဟေသာဘယ်လိုဖြစ်မလဲဆိုတာတော့ မတွေးမိဘူးဖူး။



ဒါပေမဲ့လည်း…..ဆရာစံလမ်းရောက်တိုင်း မရှိတော့တဲ့ မစ္စတာဂီတာဆိုင်ကို သတိရမိတာ၊ ဖူဆန်ရှေ့နား၊ new world နားဖြတ်တိုင်း သတိရမိတာ၊ ကျောင်းနားကိုရောက်တိုင်း သတိရမိတာ၊ ခရေပင်လမ်းကို ဖြတ်တိုင်း သတိရမိတာ၊ အမြဲလိုလိုမဟုတ်ပေမဲ့ တိုက်ဆိုက်မှုရှိတိုင်း သတိရမိတာ အပြစ်မဟုတ်ဘူးလို့ထင်တာပါပဲလေ။



လောလောဆယ်တော့ ဖေဖော်ဝါရီလရောက်နေတာမဟုတ်လား။ ဟေသာကိုယ်တိုင်က ကျေကျေနပ်နပ် လွမ်းနေခဲ့တာထင်ပါတယ်။ ပြောင်းလဲချိန်တန်ပြီဆိုပေငြားလည်း…….



ဒီတစ်လတော့ ဟေသာ့ကို ရူးသွပ်ခွင့်ပေးပါ…….။